ဖားကန့် ဇူလိုင် ၂၅
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်အဆင့်တွင် အောင်ချက်အကောင်းဆုံးရရှိခဲ့သော ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ဖားကန့်မြို့အခြေခံပညာအထက်တန်းကျောင်း ဥတုရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဖားကန့်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာကိုရည် တို့လှမ်းချီသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးနွယ်က တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြကာ ဖားကန့်မြို့အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများက ညဏစစ်သည်သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမှတ် (၃) ခြေလျင်တပ်မဟာမှ တာဝန်ရှိသူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က လေးဘာသာဂုဏ်ထူး (၅) ဦး၊ သုံးဘာသာဂုဏ်ထူး (၃) ဦး၊ နှစ်ဘာသာဂုဏ်ထူး (၉) ဦးနှင့် တစ်ဘာသာဂုဏ်ထူး (၂၈) ဦးတို့ကို ပညာရည်ချွန်ဆုများချီးမြှင့်ပြီး မြို့နယ်ပညာရေးမှူးက မြို့နယ်အဆင့်တွင် အောင်ချက်အကောင်းဆုံးရရှိခဲ့ကြသော ကျောင်းများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဖားကန့်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အကအလှများနှင့် ပြည်မြန်မာသီချင်းဖြင့် ဖျော်ဖြေကြကြောင်း သိရသည်။
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ဖားကန့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းအတွင်း ဖြေဆိုသူနှင့်ကျောင်းပြင်ပဖြေဆိုသူ စုစုပေါင်း (၅၉၅) ဦး ဖြေဆိုရာ (၂၆၅) ဦး အောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ (၄၄) ဒဿမ (၅၄) ရာခိုင်နှုန်းရှိပြီး ဂုဏ်ထူးဖြင့် အောင်မြင်သူ (၄၅) ဦးနှင့် ရိုးရိုးဖြင့်အောင်မြင်သူ (၂၂၀) ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)