မိုင်းရယ် ဇူလိုင် ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများအနေဖြင့် နားဝဆည်နှင့် ဒေသကျောက်ဖြစ်မျှောရိုက်ဆည်တို့မှ ရေကိုအဓိကထားရယူ၍ မိုးစပါးကို စိုက်ပျိုးကြရာ ၂၀၂၆ ခုနှစ်တွင် မိုးစပါး ၁၈၀၆၀ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ ၁၇၂၆၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်တွင် စားနပ်ရိက္ခာဖူလုံပိုလျှံမှုရှိစေရန် မိုးစပါးကို အဓိကထားစိုက်ပျိုးပြီး နွေစပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများလည်းရှိသည်။ ယခုနှစ်တွင် မိုးစပါးကို ယခင်နှစ်ကထက် ၅၅ ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားကြောင်းနှင့် စိုက်ပျိုးရန်ကျန်ရှိသည့် ၇၉၅ ဧကကို ဩဂုတ်လ ဒုတိယအပတ်တွင် ရာနှုန်းပြည့် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးနှင့်ယာသီးနှံစိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးစရိတ်ငှားရမ်းခသက်သာစေရန်နှင့် ခေတ်မီစက်ကိရိယာများဖြင့် စနစ်တကျ စိုက်ပျိုးနည်းစနစ်များ ရှင်းလင်းသရုပ်ပြခြင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ကွင်းဆင်းအသိပညာပေးခြင်း၊ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအတွက် သွင်းအားစုများဖြစ်သည့် ကွန်ပေါင်းမြေဩဇာ (၃၀) အိတ်၊ သဘာဝမြေဩဇာ (၆၀) အိတ်နှင့် ပေါင်းစည်းလယ်ယာ မြေဩဇာ (၆၀) အိတ်တို့ကို ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)