မြစ်သား ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက် နိုင်ရေးအတွက် Online Training သင်တန်းကို ယမန်နေ့နံနက်၉)နာရီအချိန်က လုပ်အားကြေးမုံခန်းမ၌ ပို့ချပေးလျက် ရှိကြောင်းသိရသည်။
သင်တန်းကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပို့ချပေးခြင်းဖြစ်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အခြေခံ ကျန်းမာရေးဝန်ထမ်းများကို လိုအပ်သည့် ကနဦးသင်တန်းကို ပို့ချပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးရာတွင်လည်း မြစ်သားမြို့နယ်၌ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းစုစုပေါင်း (၂၄၆)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံကို အခြေပြု၍ ဦးစားပေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပိုမှ ပြောသည်။
Online Training သင်တန်းကို (၂)ရက်တာ ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပို၊ ဒေသန္တရ မိခင်နှင့် ကလေးကျန်းမာရေး တာဝန်ခံ ဒေါက်တာနေခြည်သိန်းဝင်းနှင့် မြစ်သားမြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)