ဗိုလ်တထောင် ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အာဟာရကျွေးမွေးရာရန် ကျန်းမာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် KG ကျောင်းသားများအား အာဟာရမျှတစွာ စားသုံးတတ်စေရန် ရည်ရွယ်၍ အစာမစားမီ အစာအုပ်စုများအကြောင်း ပညာပေးခြင်း စုပေါင်းလက်ဆေးခြင်းအကြောင်းတို့ကို အသိပညာပေးဟောပြောခြင်း၊ နေ့လည်စာစုပေါင်းချက်ပြုတ်၍ အာဟာရကျွေးခြင်းနှင့် အစာစားပြီး သွားတိုက်ခြင်းများကို အာဟာရကျွေးခြင်း ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ကျွေးမွေးခဲ့ပြီး ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား/ ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀)ရာခိုင်နှုန်း၊ (၅၅၅)ကီလိုကယ်လိုရီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မူလတန်းကျောင်း (၅)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်းနှင့် အထက်တန်းကျောင်း (၆)ကျောင်းတို့ရှိ KG ကျောင်းသား/ကျောင်းသူ (၃၇၉) ဦးအား ကျောင်းကျန်းမာရေး အာဟာရကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဝင်း(ပြန်/ဆက်)