မော်လမြိုင် ဇူလိုင် ၂၅
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်နိုင်ရန် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မိုးရာသီမုတ်သုန် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းသားများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်သန်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်အသင်း တာဝန်ရှိသူတို့မှ ပြိုင်ပွဲကို Color Ball ရိုက်၍ ဖွင့်လှစ်ခဲ့ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများနှင့်အတူ ၂၀၂၆ ခုနှစ် မိုးရာသီမုတ်သုန်ဂေါက်သီးရိုက် ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို မွန်းလွဲပိုင်းတွင်ကျင်းပရာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ အတန်းလိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအားလည်းကောင်း၊ ရိုက်ချက်အလိုက် အကောင်းဆုံးဂေါက်သီးရိုက် အားကစားသမားများအား လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ပထမဆုရရှိကြသော ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အသင်းများအားလည်းကောင်း ဆုဖလားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)