နေပြည်တော် ဇူလိုင် ၂၅
၂၀၂၆ ခုနှစ်၊ မိုးရာသီ နေပြည်တော်အဆင့် (ဒုတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိသီရိမြို့နယ်၊ သီရိမဏ္ဍိုင်လမ်းနှင့် ချင်းတွင်းလမ်းထောင့်၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာ ယနေ့ပြုလုပ်ကျင်းပတဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို နိုင်ငံရဲ့သစ်တောများနဲ့ သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရန်၊ စိမ်းလန်းစိုပြည်သာယာဝပြောပြီး စားရေ ရိက္ခာဖူလုံတဲ့ နိုင်ငံတော်တည်ထောင်ရေးကို အထောက်အပံ့ဖြစ်စေရန်၊ သဘာဝဘေးအန္တရာယ်များ လျှော့ချကာကွယ်ရေးနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်စေရန်၊ သစ်တော များနဲ့ သဘာဝဂေဟစနစ်များက ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများ ပိုမိုရရှိနိုင်ပြီး ပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်ရေရှည် ဖွံ့ဖြိုးရေးပန်းတိုင်များရရှိစေရန်၊ သစ်တောဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများမှာ ပြည်သူများက အသိနိုးကြားတက်ကြွစွာဖြင့် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေး တိုက်တွန်းနှိုးဆော်ဖို့ ရည်ရွယ်ပြီး သစ်ပင်စိုက်ပွဲတော်ကို ကျင်းပတာဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ သည် နိုင်ငံ၏အုပ်ချုပ်ရေး မြို့တော်ဖြစ်တာနဲ့အညီ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ လူနေမှုအဆင့်အတန်း မြင့်မားစေရေး၊ သာယာလှပပြီး Green City ၊ Clean City၊ Smart City ဖြစ်စေရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူနိုင်ငံအဝန်းမြို့ပြတွေနဲ့ ရပ်ရွာ ဒေသအသီးသီးမှာ စိမ်းလန်းစိုပြည်သာယာစေရေးအတွက် လမ်းဘေးဝဲယာ သစ်ပင်သစ်တောတွေ၊ စိမ်းလန်းမြေတွေ (Green Spaces)၊ ဥယျာဉ်တွေ၊ ပန်းခြံတွေ၊ မြို့ပြ သစ်တောတွေ၊ တစ်အုပ်တစ်မစိုက်ခင်းတွေနဲ့ စိမ်းလန်းစိုပြည်တဲ့ Landscape တွေကို ပိုမိုတိုးမြှင့်တည်ထောင် သွားကြရမှာဖြစ်ပါ ကြောင်း၊ သစ်တောသစ်ပင်တွေ၏ အကျိုးကျေးဇူးကို သိရှိနားလည်ပြီး ပြည်သူများအားလုံး ပူးပေါင်းပါဝင်စေဖို့ရည်ရွယ်ပြီး ယခုလို ဦးဆောင်စိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ ကတိကဝတ်များနှင့်အညီ မြန်မာနိုင်ငံအနေနဲ့ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှု တိုက်ဖျက်ရေးနဲ့ ကာဗွန်ထုတ်လွှတ်မှု ပမာဏလျှော့ချရေးအတွက် သစ်တောကဏ္ဍကနေ ၂၀၃၀ ပြည့်နှစ်မှာ နိုင်ငံဧရိယာရဲ့ ၃ဝ ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများနဲ့ နိုင်ငံဧရိယာရဲ့ ၁ဝ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများ အဖြစ် ရည်မှန်းဖွဲ့စည်းလျက်ရှိရာမှာ ယနေ့အထိ သစ်တောကြိုးဝိုင်း ၈၂၆ ခု၊ ကြိုးပြင်ကာကွယ်တော ၅၁၁ ခု၊ စုစုပေါင်း ၁,၃၃၇ ခု တည်ထောင်နိုင်ခဲ့ပြီး နိုင်ငံဧရိယာရဲ့ ၂၆ ဒသမ ၁၁ ရာခိုင်နှုန်းနဲ သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၂ ခု နိုင်ငံဧရိယာရဲ့ ၆ ဒသမ ၅၉ ရာခိုင်နှုန်း ဖွဲ့စည်းထားနိုင်ခဲ့ပြီး ဖြစ်ရာ ရည်မှန်းချက်ရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ သသန့်ရှင်းသော ပတ်ဝန်းကျင်နှင့်ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးတို့အတွက်သစ်တောသစ်ပင်များ စိုက်ပျိုးပြုစု ထိန်းသိမ်းရေးလုပ်ငန်းတွေကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကံ့ကော်ပင်အားစတင်စိုက်ပျိုးပေးပြီး တက်ရောက် လာကြသူများမှ သတ်မှတ်နေရာများတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မယ်ဇလီ၊ တမလန်း၊ ခရေ၊ ကံ့ကော်၊ ရေတမာ၊ ယမနေ၊ မဟော်ဂနီနှင့် ဆီသပြေ အပင်(၁၅၀၀) စိုက်ပျိုးနေမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် တာဝန်ရှိသူများလိုက်ပါလျက် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာ အုပ်စု၊ ကွင်းအမှတ်(၁၈၂၀)၊ တောင်သူ ဦးငွေဇင်နောင်၏ စိုက်ဧက ၆ ဒသမ ၀၀ ဧက၌ မိုးစပါးဧရာမင်း စပါးမျိုးအား နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြ စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက မိုး၊ ဆောင်း၊ နွေရာသီပြည့် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စိုက်နည်းစနစ် မှန်ကန်စေရေး၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးမြေများအား စနစ်တကျပြုပြင်နိုင်ရေး၊ ရေရရှိရေး နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊ ကြဲပက်စနစ် ပပျောက်အောင် မျိုးစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို မှာကြား သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်ကျောင်းတိုက်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော် ကောင်စီ၏ လမ်းညွှန်မှုဖြင့် နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးကြပ်၍ အထူးကုဆရာဝန်ကြီးများပါဝင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့မှ သီလရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှု အားပေးရာ နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဆွေဇင်ဝင်းမှ ဆေးကုသပေးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြခဲ့မှုအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားခဲ့ပြီး အထူးကုဆရာဝန်ကြီးများအား လက်ဆောင်သစ်သီးခြင်း ပေးအပ်ခဲ့ သည်။
ယနေ့ လယ်ဝေးမြို့နယ်၌ နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးကြပ်၍ အထူးကုဆရာဝန်ကြီးများပါဝင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အထွေထွေရောဂါလူနာ ၅၅ ဦး၊ ခွဲစိတ်ရောဂါလူနာ ၂၀ ဦး၊ အရိုးရောဂါလူနာ ၁၁ ဦး၊ သားဖွားမီးယပ်လူနာ ၂၂ ဦး၊ ဟော်မုန်း ရောဂါ တစ်ဦး၊ ကလေးရောဂါလူနာ ၆၁ ဦး၊ သွားနှင့်ခံတွင်းရောဂါလူနာ ၁၃၄ ဦး၊ မျက်စိရောဂါလူနာ ၁၂၁ ဦး၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါလူနာ ၂၂ ဦး၊ အရေပြားရောဂါလူနာ ၁၂၂ ဦး၊ X – Ray လူနာ ၁၂၅ ဦးနှင့် USG လူနာ ၁၇ ဦး စုစုပေါင်း ၇၁၁ ဦးအား ကွင်းဆင်းကုသ စစ်ဆေးပေးခဲ့ သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ စည်ပင်ဧည့်ရိပ်သာ(၂)၊ ဂိတ်(၁)အဝင်လမ်း ငလိုက်ချောင်း၏ လက်တံမြောင်းရေ တိုက်စားမှုကြောင့် အရှည်(၃၀)ပေ၊ အကျယ်(၅၀)ပေ၊ အမြင့် (၁၆)ပေရှိ ကျောက်ကြီးစီနှစ် ပေါက်တွဲ၊ Box Culvert ပျက်စီးမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)