စဉ့်ကိုင် ဇူလိုင် ၂၅
ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့်အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများရရှိလာစေရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ "ကျေးလက်ဒေသဖြိုးရေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ချောင်းပတ်ကျေးရွာ အောင်မင်္ဂလာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတိုက်ကြည်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက “ကျေးလက်ဒေသဖွံ့ဖြိုးရေး”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ (ကိုယ်စား) ဒုတိယဦးစီးမှူး ဦးဇော်ဇော်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်၊ လူဝင်မှုကြီးကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်လဝကဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်မြို့၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (ကိုယ်စား) ဦးစီးအရာရှိ ဒေါ်မေသူဇင်၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဖြိုး၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲသူရ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာချမ်းမြေ့ကျော်၊ မြို့နယ်ပညာရေးမှူး(ကိုယ်စား) အထက(စဉ့်ကိုင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးသွင်တို့က မိမိတို့ဌာနအလိုက် လုပ်ငန်းကဏ္ဍ ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများက မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များ မေးမြန်းရာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)