ပုဗ္ဗသီရိ ဇူလိုင် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ရပ်ကွက်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း(ကျည်တောင်ကန်)၌ ကျင်းပသည်။
ဦးစွာ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှူး ဦးသိန်းဌေးအောင်က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများ၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လန်းပေါက်ပွားမှု မရှိစေရေးတို့ကို ပြည်သူများအား အသိပညာပေး ဟောပြောခဲ့ပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေးနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဆေးရည်စိမ်ခြင်ထောင်နှင့် အသိပညာပေးပိုစတာများအား ဖြန့်ဝေပေးခဲ့ကာ ဆေးစိမ်ခြင်ထောင် အသုံးပြုရမည့် နည်းလမ်းအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ အဖွဲ့များခွဲကာ သွားရောက်၍ ခြင်ပေါက်ဖွားမှုများ လျှော့ချနိုင်ရေးအတွက် ရေလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)