ဘီးလင်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များ ပြည်သူများလက်ဝယ်အရောက်ပေးအပ်

ဘီးလင်း ဇူလိုင် ၂၅

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျောက်ရေတွင်းကျေးရွာနေ ပြည်သူများအား မြေငှားဂရန်များ ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီး ဦးချစ်သိန်းက မြေငှားဂရန် ပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က ကျေးရွာမြေငှားဂရန် ခွင့်ပြုချထားပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍မြေငှားဂရန် ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးအဖွဲ့ ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူအသီးသီးတို့က ကျောက်ရေတွင်းကျေးရွာမှ ဒေသခံပြည်သူ (၂၉) ဦးထံသို့ မြေငှားဂရန်များကိုလွဲပြောင်း ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီး ဦးချစ်သိန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးကျော်ဇေယျာမင်းနှင့် ဒေါက်တာစိုးမိုးအောင်၊ ကျိုက်ထိုခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဘီးလင်းမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဿာန်ဦး၊ ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့ဝင်များနှင့် ကျေးရွာလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ ‌ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘီးလင်း(ပြန်/ဆက်)