မိုးညှင်း ဇူလိုင် ၂၅
မိုးညှင်း-မြစ်ကြီးနားသွား မီးရထားလမ်းပိုင်းအား အမှတ်(၄၉)အဆန် မြန်မာ့မီးရထားခရီးစဉ်ပြေးဆွဲရာ ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ် မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ခရီးသွားပြည်သူများအတွက် ရေဘူး၊ လက်ကိုင်ပဝါနှင့် မုန့်များ လိုက်လံဝေငှပေးခြင်းနှင့် ဘူတာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညှင်းဘူတာမှစတင်၍ မြစ်ကြီးနားဘူတာအထိ လိုက်ပါစီးနင်းသွားကြမည့် ခရီးသွား ပြည်သူများအား စိတ်အေးချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့် ဦးဆောင်မှုဖြင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိုးညှင်းဘူတာမှ တာဝန်ရှိသူများက လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားပြီး ရေဘူး၊ လက်ကိုင်ပဝါနှင့် မုန့်များကို ဝေငှပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မိုးညှင်းဘူတာ သန့်ရှင်းသာယာလှပစေရေးအတွက် တက်ရောက်လာကြသူများမှ မီးရထားဘူတာရုံ ပတ်ဝန်းကျင်အတွင်း စွန့်ပစ်အမှိုက်သရိုက်များကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း