မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေး

ချမ်းအေးသာစံ  ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့မွန်းလွဲပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာအဆောက်အဦများအား ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းအိမ်ရာအဆောက်အဦတည်ဆောက်နေမှု၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဧည့်ရိပ်သာ ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းအိမ်ရာ အဆောက်အဦ ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် အသစ်တည်ဆောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ကတာဝန်ရှိသူများမှရှင်းလင်းတင်ပြမှုများအပေါ် စံချိန်စံညွှန်းနှင့်အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးရေးတို့ကို အလေးထား ဆောင်ရွက်သွားရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေသည့် မြို့တွင်းလမ်းများနှင့်အဓိကလမ်းမကြီးများ တိုးချဲ့ခြင်း၊ အဆင့်မြင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအား ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)