သထုံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

သထုံ  ဇူလိုင် ၂၅

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် တာဝန်ရှိသူများပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား  အသိပညာပေးဟောပြောခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်း၏ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် အမှတ်(၆၂) မူးယစ်တပ်ဖွဲ့စု(သထုံ)မှ ရဲမှူးတင်ကိုကိုက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း သထုံမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်မိုးက အွန်လိုင်းလောင်းကစားခြင်း၏ ဆိုးကျိုးများ၊ လောင်းကစားပြုလုပ်ခြင်းကြောင့် ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်း‌ကောင်း၊ ကုန်းလမ်းပို့‌ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး (၃)ဦးကျော်မြင့်ထွန်းနှင့် အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(သထုံ)မှ ဒုရဲအုပ် မြတ်သူရတို့က ယာဥ်အန္တရာယ်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာတို့ကိုလည်းကောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးအောင်ကျော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက အွန်လိုင်းများပေါ်မှ သတင်းအတု သတင်းအမှားများ ဂရုပြုနိုင်ရေး သိကောင်းစရာတို့ကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပညာရေးနှင့်‌လေ့ကျင့်ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူးဦးအုန်းကြိုင်၊ နယ်စပ်‌ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဦးလောင်းထန်နှင့် ဝန်ထမ်းများ၊ ကျောင်းသား‌ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)