သန်လျင်မြို့နယ် တရားရုံးသစ်အဆောက်အဦဖွင့်ပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၂၅

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မြို့နယ်တရားရုံးသစ်အဆောက်အဦဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီတွင် ရေတပ်လမ်းမကြီးရှိ အဆိုပါအဆောက်အဦ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တရားရုံးသစ်အဆောက်အဦအား ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီး ဒေါ်သင်းသင်းနွဲ့၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ ဆိုင်းဘုတ်အားအမွှေးနံ့သာရည်များပက်ဖြန်းပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ သန်လျင်မြို့နယ်တရားရုံးအပေါ်ထပ်တွင် အခမ်းအနားဆက်လက်ကျင်းပရာ IGE Land Co,Ltd မှ ဦးကျော်သက်က ရုံးအဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရုံးနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို သန်လျင်မြို့နယ်တရားသူကြီး ဒေါ်ယဉ်ယဉ်မိုးထံ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်မှ ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားတံဆိပ်တုံးအား ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများထံ ပေးအပ်ခဲ့ပြီး သန်လျင်မြို့နယ်တရားသူကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)