နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာတချို့တွင် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှုများအား ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာတချို့တွင် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှုများအား ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

ဦးစွာ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် နေပြည်တော်တွင် ဇူလိုင်လ ၂၂ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာတချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် ဇမ္ဗူသီရိမြို့နယ်၊ ကျောက်မျက်မီးပွိုင့်နှင့် သပြေကုန်းဈေးအကြား ပိတောက်လမ်းမကြီးပေါ်၌ ရေများ ပြန်လည်ကျဆင်းသွားမှု အခြေအနေ၊ ရွှေကြာပင်ရပ်ကွက် ငဝန်လမ်းဆုံအနီး Box Culvert (၄)ခုအနက် ငဝန်လမ်းနှင့်  ခတ္တာလမ်းဆုံရှိ Box Culvert ပျက်စီးနေမှုအား ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်လမ်း၊ ရွှေဟင်္သာဟိုတယ် ဝန်းကျင်တွင် ရေဝပ်နေမှုအခြေအနေ၊ ဧည့်ဂေဟာနယ်မြေရဲစခန်း ဝန်ထမ်းအိမ်ရာများ ရေနစ်မြုပ်သည့်နေရာများ၊ တော်ဝင်ရတနာလမ်း Hilton ဟိုတယ်နောက်ကျောလမ်းတွင် ရေမြောင်းတူးဖော်ဆယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ရန်အောင်မြင်ဆည်အတွင်းသို့ ရေဝင်ရောက်မှုအခြေအနေများ၊ ဥတ္တရသီရိမြို့နယ်၊ သီရိရတနာလမ်းမကြီးပေါ်သို့ မိုးရွာသွန်းမှုကြောင့် တင်ကျန်ခဲ့သည့် နုန်း၊ သဲများကို စက်ယန္တရားများအသုံးပြု၍ ဆယ်ယူရှင်းလင်းမှုအခြေအနေနှင့် မန္တလေးလမ်း စက်စက်ယိုချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် မြို့တော်ဝန်က လက်ရှိအခြေအနေတွင် ရေဝပ်နေရာများ ရေပြန်လည်ကျဆင်းသွားပြီဖြစ်၍ ရေကြီးရေလျှံမှုထပ်မံ မဖြစ်ပေါ်စေရေး၊ ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆယ်ယူတူးဖော်ဆောင်ရွက် သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)