စစ်တွေ ဇူလိုင် ၂၅
စစ်တွေမြို့၌ ၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက် ပျိုးပွဲအခမ်းအနားကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစေရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ တစ်နိုင်ငံလုံးသစ်တောဖုံးလွှမ်းမှု ကောင်းမွန်စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေးတိုက်တွန်းနှိုးဆော် စေရန်စသည့် ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီအတွင်း စစ်တွေမြို့နယ်၌ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း ၂၀၀၀ ပင်၊ ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့များ၊ ဒေသခံပြည်သူများက အရိပ်ရလေကာပင် စုစုပေါင်း ၄၇၀၀၀ ပင် စိုက်ပျိုးခဲ့ပြီး ကျောက်ဖြူမြို့နယ်တွင် သစ်ပင်စိုက်ပျိုးပွဲတော်နှစ်ကြိမ်တွင် ၆၁၅ ပင်စိုက်ပျိုးခဲ့ရာ စုစုပေါင်း ၄၉၆၁၅ ပင် စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင်လည်း ပျဉ်းကတိုး၊ ခရေ၊ မဟော်ဂနီ၊ ရေတမာ၊ မယ်ဇလီ၊ မန်ဂျန်ရှား၊ သင်္ဂနက်၊ ငုဝါ စသည့်အပင်ပေါင်း ၁၀၀၀ ကို စိုက်ပျိုးသွား မည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးပြီးစီးသည့် အပင်များရှင်သန်ကြီးထွားစေရန် စဉ်ဆက်မပြတ်ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ဌာနဆိုင်ရာများအား စိုက်ပျိုးမည့် ပျိုးပင်များကို ပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ပျဉ်းကတိုး၊ ငုဝါ၊ ခရေ၊ မဟော်ဂနီ၊ ရေတမာ၊ မယ်ဇလီ၊ မန်ဂျန်ရှားနှင့် သင်္ကန်းနက်ပင်များကို စိုက်ပျိုးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သစ်ပင်များ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်၌ ခင်းကျင်းပြသထားသော ဝေလငါးအရိုးနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)