ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ၌ ကော်ဖီစိုက်ပျိုး နည်းပညာသင်တန်းဖွင့်လှစ်

ဟိုပုံး   ဇူလိုင် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ၌ ကော်ဖီစိုက်ပျိုးတောင်သူများ နည်းပညာဆိုင်ရာအသိပညာနှင့် ကျွမ်းကျင်မှုများတိုးတက်မြင့်မားလာစေရေး၊ ကော်ဖီအထွက်နှုန်းနှင့် အရည်အသွေးကောင်း မွန်လာစေရေးအတွက် ကော်ဖီသီးနှံ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်အသိပညာပေးခြင်းကို ဇူလိုင်လ (၂၄)ရက်နေ့ ယမန်နေ့က စံဖူးကျေးရွာအုပ်စုနှင့် နောင်လိုင်မူဖိတ်ကျေးရွာအုပ်စုတို့ တွင် ပြုလုပ်ခဲ့ကြသည်။

ထိုသို့အသိပညာပေးရာတွင် မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထွန်းစိုးက ကော်ဖီစိုက်ပျိုးတောင်သူများ မြေယာပိုင်ဆိုင်မှု ခိုင်မာစေရေးအတွက် လိုက်နာ‌ဆောင် ရွက်ရမည့်အချက်များကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းက ဒေသနှင့်ကိုက်ညီသော ကော်ဖီစိုက်ပျိုးနည်းစနစ်များကို တောင်သူများ ကျွမ်းကျင်စွာ အသုံးချနိုင်စေပြီး အရည်အသွေးကောင်းမွန်သော ကော်ဖီ ထုတ်လုပ်မှုမှ တဆင့် ဝင်ငွေတိုးတက်၍ ရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်း မှုရရှိစေရန်နှင့် မြေယာပိုင်ဆိုင် မှုခိုင်မာစေခြင်းဖြင့်  စိုက်ပျိုးစရိတ်အရင်းအနှီး ချေးငွေများ ရရှိစေရန် အသိပညာပေးပြောကြားသည်။   ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများက မဲနယ်တောင်ဒေသ စံဖူးကျေးရွာအုပ်စုနှင့် နောင်လိုင်မူဖိတ် ကျေးရွာအုပ်စုရှိ ကော်ဖီစိုက်ပျိုးတောင်သူများအား သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာအဖြစ်အသုံးပြုရန်အတွက် ပိုက်ဆံလျှော်မျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ စံဖူးကျေးရွာအုပ်စုနှင့် နောင်လိုင်မူ ဖိတ်ကျေးရွာအုပ်စုမှ ‌ကျေးရွာပေါင်း(၁၁)ရွာ တောင်သူ(၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)