မြင်းခြံ ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကြာကန်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ် တိုင်းဒေသကြီးရန်ပုံငွေ(PFI) အစီအစဉ်ဖြင့် ကျေးရွာအတွင်းလမ်းမီးများ ဖွင့်လှစ်ခြင်းကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ရက်နေ့ ညနေပိုင်း အချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ ကျေးရွာအတွင်း လမ်းမီးများ ဖွင့်လှစ်ခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်က မီးခလုတ်ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမြလင်းဝေက လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလက်ကမ်းစာစောင်များကို ကျေးရွာနေပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေ (PFI) အစီအစဉ်ဖြင့် ငွေကျပ်သန်း (၁၀၀၀) ကျော်အသုံးပြုကာ မြင်းခြံမြို့နယ်အတွင်း ကျေးရွာ (၂၈) ရွာ 11 KV ဓာတ်အားလိုင်းဖြင့် လျှပ်စစ်မီးရရှိရေးနှင့် ဓာတ်အားခွဲရုံ (၂၉) ရုံ တည်ဆောက်ရန်အတွက် လုပ်ဆောင်လျက်ရှိပြီး ကြာကန်ကျေးရွာအနေဖြင့် မြင်းခြံမြို့နယ်အတွင်း (၁၈၈) ရွာမြောက် လျှပ်စစ်မီးလင်းခြင်းဖြစ်ပြီး လက်ရှိ ကျေးရွာတွင်း လမ်းမီးများ လင်းစေပြီး မကြာမီအချိန် အတွင်းမှာ အိမ်သုံးလျှပ်စစ်မီတာများ တပ်ဆင်ပေးသွားမည် ဖြစ်သည်။ မီးလင်းရန် ကျန်ရှိနေသည့် ကျေးရွာ (၂) ရွာကိုလည်း လျှပ်စစ်မီး ရရှိရန်အတွက် ဆောင် ရွက်လျက်ရှိပါကြောင်း မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးမြလင်းဝေက ပြောသည်။
အိမ်သုံးလျှပ်စစ်မီတာများ တပ်ဆင်ပြီးပါက ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ယခင်ကထက် ပိုမိုလုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)