ပင်လောင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်

ပင်လောင်း     ဇန်နဝါရီ   ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား  အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ရာတွင်  မရရှိသေးသည့် ထပ်တိုးအိမ်ထောင်စုများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုများမှ ကြီးကြပ်မည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်က ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား  အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးခဲ့ရာတွင် မရရှိသေးသည့် ထပ်တိုး အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် ၁၉ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၅အုပ်စုရှိရာ ရပ်ကွက်ရှစ်ခုနှင့် ကျေးရွာအုပ်စု ၂၁ အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု   (၃၃၆၇)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် နှစ်သောင်းနှုန်းဖြင့်  ထောက်ပံ့ငွေကျပ် စုစုပေါင်း (၆၇,၃၄၀,၀၀၀)ကို   သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အလိုက် ကြီးကြပ်မည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာနေ ပြည်သူ လူထုများထံ  လက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။ 

ခွန်အာကာစိုး