နမ့်စန်(တ) ဇူလိုင် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ် မိုးရာသီကာလတွင် စိုက်ပျိူးရန် သစ်တောပျိုးဥယာဉ်တွင် ပျိုထောင်ထားရှိသည် ပျိုးပင်ပေါင်း ၃ သောင်းကို ဇူလိုင်လ လဆန်းတွင် မြို့နယ်အတွင်း ဖြန့်ဝေ၍ စိုက်ပျိုး ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ရာသီဥတု မျှတစေခြင်း၊ ပတ်ဝန်းကျင်စိန်းလန်းစိုပြေလာစေခြင်း၊ မြေဆီမြေဩဇာတိုးပွားစေပြီး အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ ရေလွှမ်းမိုးမှုကို ထိန်းသိမ်းပေးနိုင်ခြင်းနှင့် ပြည်သူလူထုအတွက် သစ်၊ တိုင်၊ မျှော၊ ထင်း ရရှိစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနက ပျိုးပင်များကိုစနစ်တကျပျိုး၍ နှစ်စဉ်ဖြန့်ဝေလျက်ရှိပြီး ယခုနှစ်အတွက် ပျိုးထောင်ထားရှိသည့် ခါတော်မီ (၇၅၀၀)ပင်၊ ယူကလစ် (၃၀၀၀)ပင်၊ မယ်ဇလီ (၃၀၀၀)ပင်၊ မန်ဂျန်ရှား(၅၀၀၀)ပင်၊ မျောက်ငို(၅၀၀၀)ပင်၊ ချယ်ရီ (၂၅၀၀)ပင်၊ စိန်ပန်းနီ (၁၅၀၀)ပင်နှင့် စိန်ပန်းပြာ (၂၅၀၀)ပင် စုစုပေါင်း ပျိုးပင် ၃သောင်းကို နမ့်စန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူများထံသို့ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပျိုးပင်များကို အခမဲ့ဖြန့်ဝေစိုက်ပျိုးပေးခြင်း၊ စိုက်ပျိုးထားရှိသည့်သစ်ပင်များ ရှင်သန်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးလွင်တာပူးထံမှ သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)