၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ဇူလိုင် ၂၅

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားကွင်းတွင်  ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်မာချို၊  ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညကော်မတီဝင်များ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများသည် အင်းစိန်ခရိုင်အသင်းနှင့် တွံတေးခရိုင်အသင်းတို့၏ ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှု အားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် တာဝန်ယူခဲ့သည့် ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများ၊ အကောင်းဆုံး ဂိုးသမား အားကစားသမားဆုရရှိသည့် အင်းစိန်ခရိုင် အသင်းမှ ကျောနံပါတ်(၁) နန့်မိုင်ဆွန်ခ၊ အကောင်းဆုံး နောက်တန်း အားကစားသမားဆုရရှိသည့် တွံတေးခရိုင်အသင်းမှ ကျောနံပါတ်(၁၄) နှင်းဝတ်မှုန်ထွေး၊ အကောင်းဆုံး အလယ်တန်းအားကစားသမားဆု ရရှိသည့် အင်းစိန်ခရိုင်အသင်းမှ ကျောနံပါတ်(၆) ကေသရီဖူး၊ အကောင်းဆုံး ရှေ့တန်း အား ကစားသမားဆုရရှိသည့် မင်္ဂလာဒုံခရိုင်အသင်းမှ ကျောနံပါတ်(၇) စောပြည့်စန္ဒီ၊ အကောင်းဆုံးအားကစားသမားဆု ရရှိသည့် အင်းစိန်ခရိုင်အသင်းမှ ကျောနံပါတ်(၉) ကြိုးကြာ၊ စတုတ္ထဆုရရှိသည့် မှော်ဘီ ခရိုင်အသင်း၊ တတိယဆုရရှိသည့် မင်္ဂလာဒုံခရိုင်အသင်း၊ ဒုတိယဆုရရှိသည့် တွံတေးခရိုင်အသင်းတို့ အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုကလပ်များ၊  တစ်ဦးချင်း ဆုတံဆိပ် များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ခဲ့ကြသည်။

ယင်းနောက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အင်းစိန်ခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို အသင်း(၁၄)သင်း အားကစားသမား (၂၅၂) ဦးဖြင့် ဇူလိုင်လ(၁၃)ရက်နေ့မှ ဇူလိုင်လ(၂၄) ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)