ကျောက်တံတား ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်း ကျောင်း (ကျောက်တံတား)၊ စကားဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က အမှာစကားပြောကြားပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်လှမေတို့က ဂုဏ်ပြုစကားများပြောကြားခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်တာဝန်ရှိသူများက တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စန်းနှင့် ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)