ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

တောင်ကြီး  ဇူလိုင်  ၂

ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဒေါ်နန်းခမ်းလူ၊ ကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သိရသည်။

ဦးစွာ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းများသည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်၏အနာဂတ်ပုံရိပ်ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပါ ကြောင်း၊ ကလေးသူငယ်များ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏ အနာဂတ်ကို ကောင်းမွန်စွာဖန်တီးနိုင်မည်ဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအတွက်အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြား သည်။ ထို့နောက် ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူး‌ ဒေါ်သဲမွန်ရည်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး အစည်းအဝေးသို့တက်ရောက်လာသည့်လုပ်ငန်းကော်မတီ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)