ကချင်ပြည်နယ်တရားလွှတ်တော်ရုံး၌ ခရိုင်/မြို့နယ် တရားရုံးများမှ တရားရေးအရာရှိများ၊ တရားသူကြီးများအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေး

မြစ်ကြီးနား ဇူလိုင် ၂၅

ကချင်ပြည်နယ် တရားလွှတ်တော်ရုံး၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လုပ်ငန်းလမ်းညွှန်မှာကြားချက်များအား ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ် တရားရုံးများမှ တရားရေးအရာရှိများ၊ တရားသူကြီးများအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်း‌ဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းမှာကြားပြီး လမ်းညွှန်ချက်များအတိုင်း လိုက်နာလျက် နိုင်ငံတော်၏ မူဝါဒ၊ ဦးတည်ချက်များနှင့် ဌာနကချမှတ်ပေးထားသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများဖြစ်ကြသည့် ဦးအောင်မြင့်၊ ဒေါ်ပြုံးပြုံးကြည်၊ ဒေါ်ခင်ပြုံးရီတို့က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးမှာကြားပြီး ပြည်နယ်တရားရေးဦးစီးမှူး ဦးဝင်းနိုင်က တရားရုံးစီမံခန့်ခွဲရေးကိစ္စရပ်များကို အသီးသီး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြရာ တက်ရောက်လာကြသည့် ပြည်နယ်/ခရိုင်/မြို့နယ် တရားရုံးများမှ တရားရေးအရာရှိများ၊ တရားသူကြီးများက သက်ဆိုင်ရာရုံးအလိုက် ရုံးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချူပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ထပ်ဆင့်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)