ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ‌ရပ်မိ/ရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

မြစ်ကြီးနား  ဇူလိုင် ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် မိုးညှင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၃ ရက် နံနက် ၈ နာရီက မိုးညှင်းမြို့၊ မြို့တော်ခန်းမ၌ ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များ၊ ဆန် စက်လုပ်ရှင်များ၊ ရပ်မိ/ရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က မိုးညှင်းခရိုင်သည် ပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှုအများဆုံးနှင့် အဓိကအကျဆုံး ခရိုင်တစ်ခုဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများကို အားပေးကူညီပံ့ပိုးပေးလျက်ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း သို့ဖြစ်ပါ၍ မိုးညှင်းခရိုင်အနေဖြင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းအပြင် ထုန်ကုန်များ သမရိုးကျ ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြစ်ကြီးနား-မိုးညှင်း မီးရထားခရီးစဉ် ပြေးဆွဲနိုင်ပြီဖြစ်သည့်အတွက် ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်မြန်ဆန်လာပြီး တိုးတက်ထုတ်လုပ်နိုင်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ မိမိ တို့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မိုးညှင်းခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များက ဒေသထွက်ကုန် အသင့်စား စားသောက်ကုန်များအား ဂါဝရလက်ဆောင်ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသည့် ရပ်မိ/ရပ်ဖများက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ MSME လုပ်ငန်း တိုးတက်လုပ်ဆောင်ရာတွင် ကူညီပံ့ပိုးစေလိုသည့်ကဏ္ဍများကို တင်ပြကြရာ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ထို့အပြင် ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများသည် မြစ်ကြီးနားတက္ကသိုလ်၌ မြစ်ကြီးနားဇုံနယ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ လူငယ်ကော်မတီအဖွဲ့က ကြီးမှူးကျင်းပသော MKBA U-23 Youth Cup 2026 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြရာ MKBA လူငယ်ကော်မတီမှ တာဝန်ရှိသူက ဘောလုံးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဘောလုံးပြိုင်ပွဲအား ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဘောလုံးပြိုင်ပွဲသည် ပြိုင်ပွဲဝင် အသင်းပေါင်း ၂၀ သင်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် ကချင်ပြည်နယ်အတွင်း ရွက်ပုန်းသီး လူငယ်အားကစားသမားများ မွေးထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် ဘောလုံးအားကစား မှတစ်ဆင့် မိမိတို့ပြည်နယ်၊ နိုင်ငံမှတဆင့်နိုင်ငံတကာအဆင့်ကို ထိုးဖောက်ဝင်ရောက်၍ ပြည်နယ်ဂုဏ်၊ နိုင်ငံဂုဏ်ဆောင်နိုင်စေရန်နှင့် စစ်မှန်သော အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွက်လာ စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည့်အတွက် စည်းကမ်းပြည့်ဝစွာ၊ သန့်ရှင်းမျှတစွာ ယှဉ်ပြိုင်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဘောလုံးပြိုင်ပွဲအတွက် သိက္ခာတော်ရဆရာက ဆုတောင်းဆက်ကပ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီထံ ချီးမြှင့်ငွေကျပ်သိန်း ၅၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကာ ကချင်တိုင်းရင်းသားမျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် ဂျော်မဆပ်အသင်း တော်လူငယ်အသင်းနှင့် မန်ခိန်အသင်းတော်လူငယ်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် မြစ်ကြီးနားဇုံနယ်ကချင်နှစ်ခြင်းခရစ်အသင်းတော်များအဖွဲ့တွင် ပါဝင်သော အသင်းတော်အသီးသီးမှ ပြိုင်ပွဲဝင်ဘောလုံးအသင်း ၂၀ သင်းဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်နေ့မှ သြဂုတ် ၂၅ ရက်နေ့အထိ နှစ်လနီးပါး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)