ချောင်းဆုံ ဇူလိုင် ၂၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ (၂၄) ရက်နေ့ နံနက်ပိုင်းက ကော့မုပွန်ကျေးရွာ လှေဆိပ်၌ ကျင်းပခဲ့ရာ တက်ရောက်လာကြသူများမှ မာလာလူးကား (၁၀၀) ပင်၊ ဗြူးခြေထောက် (၁၀၀) ပင် စုစုပေါင်း ဒီရေတောပင် (၂၀၀) စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါဒီရေတောသစ်ပင်စိုက်ပွဲတော်ကို မော်လမြိုင် (တွဲဘက်) ချောင်းဆုံမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်နိုင်ဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကျော် (ချောင်းဆုံ)