ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲ၊ ဘိုင်အိုချာပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲ၊ စိုက်ပျိုးရေးအရောင်းဆိုင် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ဒဂုံမြို့သစ် ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အစိုးရသစ်၏ ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းအစီအမံဖြင့် ဓာတ်‌မြေဩဇာသုံးစွဲမှုလျှော့ချရေး၊ တောင်သူနည်းပညာပေးဆွေးနွေးပွဲနှင့် ဘိုင်အိုချာပြုလုပ်သုံးစွဲနည်း အသိပညာပေးခြင်းများနှင့် စိုက်ပျိုးရေးအရောင်းဆိုင်များ စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ဆောင်ရွက်ကြောင်းသိရသည်။

ရှေးဦးစွာ တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လေးထောင့်ကန်ရပ်ကွက်ဓမ္မာရုံ၌ ဆောင်ရွက်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သက်ဦးက ဆွေးနွေးပွဲပြုလုပ်ရခြင်း အကြောင်းအရာများ၊ သီးနှံအထွက်နှုန်းတိုးတက်စေရေး၊ ပန်းတိုင်အထွက်ရရှိစေရေး၊ မျိုး၊ မြေ၊ ‌ရေ၊ နည်းပညာများ သိရှိလိုက်နာအသုံးပြုမှုအကြောင်းအရာများ ရှင်းလင်းဆွေးနွေး၍ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဦးမိုးခိုင်က ပိုးသတ်ဆေးဥပဒေ၊ ပိုးသတ်ဆေးဓာတ်ကြွင်း‌လျှော့ချရေး၊ ဘက်စုံသီးနှံကာကွယ်ရေးနည်းပညာများ ရှင်းလင်းဆွေး‌နွေးပြီး တိုင်းမြေအသုံးချရေးတာဝန်ခံ ဒေါ်မြင့်မြင့်မော်က မြေအသုံးချရေးဌာန၏ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ တွဲဘက်အသုံးပြုခြင်းနည်းလမ်းများ၊ သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်သည့်နည်းလမ်းများ၊ ဘိုင်အိုချာပြုလုပ်သုံးစွဲနည်းစနစ်များ၊ မြေဆီလွှာစစ်ဆေးခြင်းများ ရှင်းလင်းဆွေး‌နွေးသည်။

ဆက်လက်၍ တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်ဆွေဆွေဦးက မျိုးစေ့ထုတ်လုပ်ခြင်း၊ ‌ခေါင်နှံယူ၍ ကိုယ့်မျိုးကိုယ်ထား မျိုးသန့်ရွေးချယ်ထိန်းသိမ်းစိုက်ပျိုးခြင်း၊ မျိုးစေ့ဥပဒေ၊ ဆန်နီစပါးကာကွယ်ခြင်းစသည်တို့ကို ရှင်းလင်းဆွေး‌နွေး၍ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ယဉ်ယဉ်အောင်က အဝါရောင်ကဒ်ပြား (Yellow Sticky Trap) ဖြင့် ပိုးမွှားကျရောက်မှု ကင်းထောက်ယူ၍ ကြိုတင်ကာကွယ်နိုင်ခြင်းနှင့် ခရိုင်မြေအသုံးချ‌ရေးတာဝန်ခံ ဒေါ်လှလှဌေးက သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာလျော့ချသုံးစွဲနိုင်သည့် နည်းပညာများကို အကျယ်တဝင့်ရှင်းလင်းဆွေး‌‌နွေးကြသည်။

ထို့နောက် စပါးခွံအသုံးပြု၍ ဘိုင်အိုချာပြုလုပ်နည်း အဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြခြင်း၊ ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်ရေး သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အိမ်ခြံဝန်း စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း၊ စိုက်ပျိုးရေးအရောင်းဆိုင်များတွင် တရားမဝင် ပိုးသတ်ဆေး၊ မြေဩဇာ၊ မျိုးစေ့ ရောင်းချခြင်းများ ဥပဒေ၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်မှု ရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ပြီး ညောင်ပင်ကျေးရွာရှိ အောင်နိုင်တိုးစပါး စိုက်ခင်း၌ ပိုးမွှားကင်းထောက်ရန်နှင့် ကြိုတင်ကာကွယ်မှုပြုနိုင်ရန် အသိပညာပေး အဝါရောင်ကဒ်ပြား (Yellow Sticky Trap) များ စိုက်ထူခြင်းလုပ်ငန်းများ လက်တွေ့သရုပ်ပြဆောင်ရွက်ကြကြောင်း သိရသည်။

နေမျိုးအောင် (ပြန်/ဆက်)