ဒေါပုံ ဇူလိုင် ၂၄
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ကျန်းမာရေးဗဟုသုတများ ပြည့်စုံကြွယ်ဝစေရန် ရည်ရွယ်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က အ.လ.က (၃) ကျောင်းတွင် အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဒေါက်တာမျိုးမျိုးခိုင် ဦးဆောင်သည့် ကျန်းမာရေးအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွားကျန်းမာရေးစစ်ဆေးခြင်းနှင့် တစ်ကိုယ်ရေးကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်းများကို စစ်ဆေးခဲ့ကြပြီး လိုအပ်သည့်ဆေးဝါးများပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပါသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများဖြစ်သည့် ကျန်းမာစွာနေထိုင်နိုင်ရေးအတွက် အစားအသောက်များ မျှတစွာ စားသောက်နေထိုင်ပုံစနစ်များ၊ ကိုယ်ကာယလှုပ်ရှားမှုစနစ်များ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် နေ့စဉ်ဆောင်ရွက်ရမည့် စနစ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့ကြပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေးဆိုင်ရာများနှင့်ပတ်သက်၍ သိလိုသည့်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
စိုးစန္ဒာညိမ်း (ပြန်/ဆက်)