အင်းစိန်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးစေရေးအစီအစဥ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်းအာဟာရကျွေးမွေး

အင်းစိန် ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ School Meal Program အနေဖြင့် နိုင်ငံတော်အထောက်အပံ့ဖြင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် အ.ထ.က (၆) ကျောင်းတွင် KG ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေးခဲ့ကြသည်။

ကျောင်းသား/ သူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား/ သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/ သူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများမြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနွေးအိလှိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာမများ၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကို ချက်ပြုတ်ပြင်ဆင်၍ ကလေးငယ်များအား အာဟာရမျှတစွာကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)