ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မိုးရာသီ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

စစ်တွေ ဇူလိုင် ၂၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၃ ရက် ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီ အားကစားကွင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်  အားကစားဝါသနာရှင်မိဘပြည်သူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းအသင်းနှင့်  အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြရာအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အသင်းက(၄)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိပြီး တံခွန်စိုက်ဆုဖလားကို ဆွတ်ခူးရရှိသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာအားကစားအသင်းများက ကွင်းအတွင်းနေရာယူကြပြီး အကောင်းဆုံး ဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်းအားကစားသမားဆု၊ အကောင်းဆုံး အလယ်တန်းအားကစားသမားဆု၊ အကောင်းဆုံး ရှေ့တန်းအားကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများကို ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် တတိယဆုရရှိသော အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း အသင်းအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က တစ်ဦးချင်းလည်ဆွဲတံဆိပ်နှင့် ဆုငွေ (၇၀၀၀၀၀) အားလည်းကောင်း၊ ဒုတိယဆုရရှိသော အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း အသင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တစ်ဦးချင်း လည်ဆွဲတံဆိပ်နှင့် ဆုငွေကျပ်(၁၀) သိန်းအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုဆွတ်ခူးရရှိသွားသော အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းအသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဆုငွေကျပ်(၁၅)သိန်းနှင့် တံခွန်စိုက် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)