တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တာမွေ ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ သူလေးများအား ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုကဲ့သို့ ဆောင်ရွက်ပေးရာတွင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူလေးများအား ပုံမှန်ကျောင်းကျန်းမာရေး စစ်ဆေးပေးခဲ့ကြပြီး ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်တတ်စေရန် ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးကဗျာများကို ရွတ်ဆိုသင်ကြားပေးခဲ့ကြသည်။ ထို့နောက် သွားနှင့်ခံတွင်းကျန်းမာရေးအတွက် စနစ်မှန်သွားတိုက်နည်းအား လက်တွေ့သရုပ်ပြသင်ကြားပေးခြင်း၊ ပဏာမမျက်စိကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သန့်လေးသန့်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊‌ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်‌ကွေးရောဂါမဖြစ်‌ပွားစေရန်‌ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင် (ပြန်/ဆက်)