ထန်းတပင်မြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ထန်းတပင် ဇူလိုင် ၂၄

ကျောင်သား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းအရာများ အားသိရှိစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာများတိုးပွားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်း စာသင်ကျောင်း အခြေပြုမီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကို ဇူလိုင်လ ၂၂ ရက်နေ့က အတွင်းသဲဖြူကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းအေးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်က သဘာဝဘေးအန္တရာယ်မဖြစ်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အချက်များနှင့် ဖြစ်နေစဥ်လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ဖြစ်ပြီးနောက် လိုက်နာဆောင်ရွက်သင့်သည့်အချက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး ၁၉၁ report software အား အသုံးပြုနိုင်စေရေးအတွက်ကိုလည်း သိရှိစေရန် ချပြရှင်းလင်းခဲ့ကြသည်။ ဆက်လက်၍လည်း ထန်းတပင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမိုးမင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းများကို လက်တွေ့ငြှိမ်းသတ်ပြသခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)