ဒဂုံဆိပ်ကမ်း ဇူလိုင် ၂၄
ကလေးငယ်များအနေဖြင့် ငယ်စဉ်ကတည်းက သွားတိုက်ချင်စိတ်ရှိလာစေရန်နှင့် သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မှန်ကန်သော ထိန်းသိမ်းစောင့်ရှောက်မှုနည်းလမ်းများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)နှင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သွားနှင့်ခံတွင်း ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကုသပေးခြင်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၂) ရပ်ကွက်ရှိ အမှတ် (၉) မူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ်၏လမ်းညွှန်မှုဖြင့် ကျောင်းသား၊ ကျောင်းသူ (၆၀၀) ဦးအား သွားတစ်ချောင်း၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ သွားပိုးစားရောဂါစတင်ဖြစ်ပွားလာပုံ၊ သွားဖုံးရောဂါစတင်ဖြစ်ပွားလာပုံ၊ ခံတွင်းကင်ဆာဖြစ်စေနိုင်သောအကြောင်းရင်းများ၊ စနစ်မှန်သွားတိုက်နည်း၊ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်အချက်များနှင့် အခြားသွားနှင့် ခံတွင်းရောဂါများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် Grade-3 မှ Grade-5 ကျောင်းသား၊ ကျောင်းသူ (၆၇၁) ဦးအား သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ပေးခဲ့ပြီး သွားနှုတ်ခြင်း၊ သွားဖာခြင်းနှင့် ခံတွင်းသန့်ရှင်းရေး ဆောင်ရွက်ရန်လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူ (၆၉) ဦးအား ကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)