ကျောက်ဆည်၊ ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံ ၅ မျိုးအား ၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီ၌ ပန်းတိုင်အထွက်နှုန်းနည်းစနစ်များဖြင့် စံပြကွက်နမူနာ စိုက်ခင်းများ စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သီနှံများမှာ GW-11 စပါးမျိုး၊ ရေဆင်း-၁ နေကြာမျိုး၊ ဆင်းပဒေသာ-၁၁ မြေပဲမျိုး၊ ရေဆင်း-၁၁ ပဲတီစိမ်းမျိုးနှင့် CP-888 အစေ့ထုတ်ပြောင်းမျိုးများဖြစ်ပြီး မိုးစပါးများကို ပင်တလည်ကျေးရွာမှ တောင်သူ ၄ ဦး၏ လယ်မြေ ၁၅ ဧကတွင်လည်းကောင်း၊ မိုးနေကြာများကို ရဲဘော်ကြီးကျေးရွာမှ တောင်သူ ၂ ဦး၏ ယာမြေ ၅ ဧကတွင် လည်းကောင်း၊ မိုးမြေပဲသီးနှံများကို တောင်တော်ကျေးရွာမှ တောင်သူ ၁ ဦး၏ ယာမြေ ၅ ဧကတွင်လည်းကောင်း၊ မိုးပဲတီစိမ်းသီးနှံများကို ရဲဘော်ကြီးကျေးရွာမှ တောင်သူ ၄ ဦး၏ ယာမြေ ၁၅ ဧကတွင်လည်းကောင်း၊ အစေ့ထုတ်ပြောင်း သီးနှံများကို ရဲဘော်ကြီးကျေးရွာမှ တောင်သူ ၁ ဦး၏ ယာမြေ ၅ ဧကတွင်လည်းကောင်း အသီးသီး စတင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်းတောင်သူများ၏ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောက်(ကျောက်ဆည်)