မဟာအောင်မြေ ဇူလိုင် ၂၄
မဟာအောင်မြေမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အမှိုက်များကို အမျိုးအစားလိုက် စနစ်တကျ ခွဲခြားစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ အမှိုက်ခွဲခြားစွန့်ပစ်ရေး ပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.လ.ကခွဲ (၄)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးယဉ်မောင်ဟိန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာန၊ ဌာနစုမှူး ဦးဇော်မင်းဦးက အမှိုက်များကို အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်ရေးဆိုင်ရာ နည်းလမ်းများနှင့် စနစ်တကျ စွန့်ပစ်ခြင်း၏ အကျိုးကျေးဇူးများကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား အမှိုက်ခွဲခြားစွန့်ပစ်မှုဆိုင်ရာများကို လက်တွေ့လေ့ကျင့်ဆောင်ရွက်စေခဲ့ပြီး ကျောင်းသား/ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သတင်းရသည်။
အောင်ဇော်မင်း