မြစ်သား ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီက ရွှေသူဌေး ရပ်ကွက်၊ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများထံ ပျိုးပင်များပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ ကျောင်း သား/ကျောင်းသူများ စုစုပေါင်း ၅၅၀ ဦးခန့် တက်ရောက်ပြီး မဟော်ဂနီ၊ ကုက္ကိုလ်၊ မယ်ဇလီ၊ စိန်ပန်း၊ မန်ကျည်း၊မယ်ဇယ်ပင် စုစုပေါင်းသစ်မျိုး ၆ မျိုး အပင်ပေါင်း ၄၄၀ ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သစ်တောဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတု ကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးစသည့် ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)