ညောင်ရွှေ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ ထပ်တိုးတင်ပြထားသည့် အိမ်ထောင် စုများအား ငွေကြေးထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ မွန်းတည့် (၁၂)နာရီက ညောင်ရွှေမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ညောင်ရွှေမြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုးက အမှာ စကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ထောက်ပံ့ကြေးပေးအပ်ခြင်း ရည်ရွယ်ချက်၊ ထောက်ပံ့ငွေ ပေးအပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ပေးပို့ရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် မြိုနယ်အုပ်ချုပ်ရေးမှူးတို့က မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၆)စုအတွင်းရှိ ထပ်တိုးတင်းပြထားသည့် အိမ်ထောင်စုပေါင်း (၆၃၉၅)အတွက် ငွေကျပ်(၁၂၇၁၈၀၀၀၀)အား သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေး တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ