မိုင်းယောင်း ဇူလိုင် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဝါတွင်းကာလဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင်ထွေ/အုပ်ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်က မြတ်စွာဘုရားရှင်က ရဟန်းတော်များ ဝါဆိုဝါကပ်ရန် သတ်မှတ်ခွင့်ပြုပေးခဲ့တော်မူသောကာလမှာ မိုးတွင်းကာလဖြစ်ကြောင်း၊ အဆိုပါကာလတွင် သံဃာတော်များ သာသနာတော်ဆိုင်ရာကိစ္စရပ်များကို စိတ်အေးချမ်းစွာ ပြုနိုင်ရန်အတွက်လိုအပ်သည်များ လှူဒါန်းခြင်း၊ ဝါတွင်းကာလ အချိန်အခါရောက်တိုင်း မွန်မြတ်သည့်အလှူဒါနအဖြစ် ကုသိုလ်ပြုရာရောက်ပေရာ ဝိုင်းဝန်း၍ စုပေါင်းလှူဒါန်းကြမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တက်ရောက်လာသူများက ဝါတွင်းကာလ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ထို့ပြင် မြို့နယ်အတွင်း အစားအသောက်နှင့်ဆေးဝါးများစစ်ဆေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း