မိုင်းပျဉ်း ဇူလိုင် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မြို့မဈေးသန့်ရှင်းသပ်ရပ်မှုရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စည်ပင်သာယာမြို့မဈေးကော်မတီဖွဲ့စည်းရေးကို ၂၀၂၆ခုနှစ် ယနေ့နံနက်(၁၀)နာရီက မြို့နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်က မိုင်းပျဉ်းမြို့မဈေး သပ်ရပ်သန့်ရှင်းမှုရှိစေရေး၊ စနစ်တကျအမှိုက်စွန့်ပစ်သိမ်းဆည်းရေး၊ ပြန်ကျဈေးသည်များစနစ်တကျရောင်းချရေး၊ ဈေးအတွင်း/အပြင် နေ့ညလုံခြုံမှုရှိစေရေးတို့အတွက် စည်ပင်သာယာမြို့မဈေးကော်မတီဖွဲ့စည်းရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းဝဏ္ဏဖြိုးဇော်က ဈေးကော်မတီဖွဲ့စည်းရန်လိုအပ်မှုအခြေအနေနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြသည်။ ထို့နောက် စည်ပင်သာယာမြို့မဈေးကော်မတီကို ဈေးသူ၊ဈေးသားများ၏ သဘောဆန္ဒဖြင့်မဲခွဲဆုံးဖြတ်၍ အသစ်ဖွဲ့စည်းခဲ့ကြသည်။ စည်ပင်သာယာမြို့မဈေးကော်မတီဖွဲ့စည်းပြီးနောက် အမှုဆောင်အရာရှိမှ ကော်တီဝင်များ၏ တာဝန်များကိုပေးအပ်ခဲ့ပြီး၊ ကောမတီဝင်များနှင့် ဈေးသူ၊ဈေးသားများက မိမိတို့၏အခက်အခဲများတင်ပြ၍ သိရှိလိုသည်များမေးမြန်းကြရာ အမှုဆောင်အရာရှိမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အဆိုပါ စည်ပင်သာယာမြို့မဈေးကော်မတီဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိနှင့် ရုံးဝန်ထမ်းများ၊ လွှတ်တော်ရုံးအဖွဲ့နှင့် ဈေးသူ၊ဈေးသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)