မုဒုံမြို့နယ် ကော့ပရံကျေးရွာအုပ်စုရှိ ဒေသခံပြည်သူ ၃၀၀ ဦးအား ကျေးရွာမြေငှားဂရန် ပေးအပ်

မုဒုံ ဇူလိုင် ၂၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်၊  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့်  ကော့ပရံကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၄ နာရီက ရွှေဟင်္သာခန်းမ၌  ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလွင်ကိုဦးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သော  ပြည်သူလူထုဘဝ ခိုင်မာဖို့အတွက် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်အရ ဒေသဖွံ့ဖြိုးတိုးတက်ပြီး ပိုင်ဆိုင်မှုခိုင်မာသော အဆိုပြုကျေးရွာများကို နှစ် ၃၀ မြေငှားဂရန် ထုတ်ပေးခြင်းဖြစ်ပြီး ကော့ပရံကျေးရွာသည် လူနေမှုအဆင့်အတန်း ကောင်းမွန်၍ ဒေသဖွံ့ဖြိုးမှု ရှိသည့်အတွက် မြေငှားဂရန်အား ထုတ်ပေးခြင်းဖြစ်ကြောင်း အမှာစကား ပြောကြား သည်။

ထို့နောက် မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းက အစိုးရသစ်လက်ထက်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို ရှေးရှု၍ ဝန်ဆောင်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်အတွက် ပထမ ရက် (၁၀၀) ကာလအတွင်း လူနေထိုင်ရန် ကျေးရွာမြေငှားဂရန်ချထားခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  ကော့ပရံကျေးရွာအုပ်စုအား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကော့ပရံကျေးရွာတွင် အိမ်ခြေ ၁၀၁၃ အိမ်၊ အိမ်ထောင်စု ၁၀၈၇ စု၊ လူဦးရေ ၅၅၂၂ ဦးရှိပြီး မြေ ဧရိယာ ၄၄၈၀ ဧကကျယ်ဝန်ကြောင်း၊ ၂၀၁၅ - ၂၀၁၆ ခုနှစ်တွင် အိမ်ခြေ ၄၁၃ အိမ်အား ကျေးရွာမြေငှားဂရန် ချထားပေးပြီး ဖြစ်ကြောင်းနှင့် ၂၀၂၆ - ၂၀၂၇ ခုနှစ်တွင် အိမ်ခြေ ၃၀၀ အတွက် မြေငှားဂရန် ချထားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလွင်ကိုဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထက်မြတ်အောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းနှင့် မြို့နယ် မြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်တို့မှ ကော့ပရံကျေးရွာရှိ ဒေသခံပြည်သူများအား မြေငှားဂရန်များပေးခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ရာမည(ပြန်/ဆက်)