ရန်ကုန် ဇူလိုင် ၂၄
သန်လျင်ခရိုင် သန်လျင်မြို့နယ်သံဃနာယကအဖွဲ့က ကြီးမှူးအကျင်းပသော သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ (၁၂)နာရီခွဲတွင် သန်လျင်မြို့ မဟာအတုလသဒ္ဓမ္မရံသီသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ (အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဒွိပိဋကဓရ)ထံမှ အဖွင့်ဩဝါဒ ခံယူကြသည်။
ထို့နောက် သန်လျင်မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဘဒ္ဒန္တဉာဏိန္ဒက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဥ်း၍ ရှင်းလင်းလျှောက်ထားသည်။
ဆက်လက်၍ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် (မြို့နယ်သာသနာရေး ဦးစီးမှူး)ဦးဇွဲမင်းဦးက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းသို့ သင်တန်းသား သံဃာတော်(၄၀)ပါးတို့ တက်ရောက်လျက်ရှိပြီး နှစ်ရက်တာသင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)