မှော်ဘီမြို့နယ်မြို့နယ်တွင် "လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကျင်းပ

မှော်ဘီ ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော"လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်" ပြည်သူ့စကားဝိုင်း (Public Talk)ကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ပြည်သူ့စကားဝိုင်း (PublicTalk) အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းစိုးက မုဒိတာစကားပြောကြားကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက ပြည်သူ့စကားဝိုင်း  ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးကြည်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းစိုး ၊မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်၊ မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်ခင်ယမုံ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစန်းဝင်းတို့က မြန်မာနိုင်ငံသို့ မူယစ်ဆေးဝါးများ ရောက်ရှိလာပုံ၊ စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းဝယ် ဖြန့်ဖြူးမှုများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်စသော ဥပဒေဆိုင်ရာကိစ္စရပ်များ လူမှုရေး၊ စီပွားရေး၊ ဆိုးကျိုးများအား အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများမှ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းဝယ်၊ သုံးစွဲခြင်း ကြောင့် ဖြစ်ပေါ်လာနိုင်သော အကြောင်းအရာများအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် သုတရသ စာအုပ်စာစောင်ပြပွဲများအား လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ဦးစန်းဝင်း(ပြန်/ဆက်)