ကျိုက်ထို ဇူလိုင် ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် ကျိုက်ထိုခရိုင် ဥပဒေအရာရှိ ဦးညီညီလွင်တို့က သင်တန်းမှသင်ယူခဲ့သော အချက်အလက်များဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း နေထိုင်ကြသည့် ပြည်သူများအား ပြန်လည်ဖြန့်ဖြူးမျှဝေခြင်းဖြင့် တရားဥပဒေစိုးမိုးမှုရရှိစေရေးနှင့် ပြည်သူများ ဥပဒေအသိပညာရရှိစေရေးတို့ကို ဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ကျိုက်ထိုမြို့နယ်ဥပဒေအရာရှိဦးထင်အောင်က သင်တန်းဆင်း အစီရင်ခံစာ ဖတ်ကြားတင်ပြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ကျိုက်ထိုမြို့နယ် အတွင်းမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကာ ကျိုက်ထိုခရိုင်နှင့် မြို့နယ်ဥပဒေရုံးတို့မှ ဥပဒေအရာရှိများက ဥပဒေရေးရာဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ ကြကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)