လင်းခေးမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

လင်းခေး ဇူလိုင်၂၄

လူငယ်လူရွယ်များ အသိပ ညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်လျက် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက လူငယ်နှင့်စာပေမြတ်နိုးစိတ်ခေါင်းစဥ်ဖြင့် စာဖတ်ခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ စာအုပ်စာပေများကိုဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန် အချိန်ကိုစီမံခန့်ခွဲအသုံးပြုသင့်သည့် နည်းလမ်းများ၊ စာဖတ်ခြင်းဖြင့်အတွေးသစ်အမြင်သစ်များရရှိပြီး အတွေးအခေါ်များမြင့်မားလာကာ မိမိဘဝအောင်မြင်တိုးတက်လာစေရေးအတွက် အထောက်အကူ​ပြုနိုင်ပုံများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ဆောင်ရွက်ပေးနေမှုများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအား စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။  ။

စိုင်းဇော်လတ်(လင်းခေး)