အလုံ ဇူလိုင် ၂၄
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ခရိုင်အဆင့် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ ခရိုင်ပညာရေးမှူးရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုဖောက်ပြန်မှုတို့အား ပြန်လည်ကုစားနိုင်ရန်ရည်ရွယ်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းက မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များအား ပျိုးပင်များပေးအပ်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်ဇင်မျိုးထွန်းက အမျိုးသမီးရေးရာအဖွဲ့အား ပျိုးပင်များပေးအပ်ခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက ခရိုင်ပညာရေးမှူးထံ ပျိုးပင်များပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများမှ ကံ့ကော်ပင် (၅၀) ပင်၊ ခရေပင် (၅၀) ပင်၊ ငုရွှေဝါပင် (၅၀) ပင်၊ ပိတောက် (၂) ပင်၊ စိန်ပန်းပင် (၁၀၀) ပင်၊ ကျွန်းပင် (၂၀) ပင်၊ မဟော်ဂနီ (၃) ပင်၊ စုစုပေါင်း (၂၇၅) ပင်အား စုပေါင်းစိုက်ပျိုးခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့်အဖွဲ့ဝင်များ၊ အလုံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်ဇင်မျိုးထွန်း၊ ကြည့်မြင်တိုင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သက်မာ၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးသူနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရုံးအဖွဲ့များ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/ သူများ စုစုပေါင်းအင်အား (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေလုံသား (ပြန်/ဆက်)