ကျောက်မဲ ဇူလိုင် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ရပ်ကွက်(၈)ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ အားကစားဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၅ မိနစ်မှ ၉ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်မဲခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်သန်းရွှေမာက ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာပေပညာရပ်များကို ကြိုးစားသင်ယူရင်းတစ်ဖက်မှလည်း ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက် အားကစားနည်းများကို စနစ်တကျ လေ့ကျင့်လိုက်စားကြရန်လိုအပ်ကြောင်း၊ အားကစားပြုလုပ်ခြင်းသည် ကျန်းမာရေးအတွက် များစွာအကျိုးကျေးဇူးရှိရုံမျှမက အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထနှင့် စည်းကမ်းတကျရှိမှုကိုပါလေ့ကျင့်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အခြေခံပညာကျောင်းများမှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ထွက်ပေါ်လာရေးအတွက် ရှေ့ဆက်၍ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကိုလည်း အစဉ်အမြဲစီစဉ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူး ဒေါ်သန်းရွှေမာက ကျောင်းသား၊ကျောင်းသူများ အားကစားလေ့ကျင့်နိုင်ရန်အတွက် ဘောလီဘော (၁) လုံး၊ ဘောလုံး (၁) လုံးနှင့် ပိုက်ကျော်ခြင်း (၁)လုံးတို့အား ပေးအပ်လှူဒါန်းရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုမွန်မွန်နှင်းက လက်ခံရယူခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်ဦးစီးမှူး ဒေါ်သန်းရွှေမာ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုမွန်မွန်နှင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။ အလားတူ ကျောက်မဲခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အားကစားကိုစိတ်ပါဝင်စားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီတွင် ရပ်ကွက်(၉)ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌လည်း အားကစားဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ပွဲကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်