မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အအေးခန်းဥစားကြက်မွေးမြူရေး လုပ်ငန်း ဆောင်ရွက်ရန် လျာထားမြေနေရာအား ကွင်းဆင်းကြည့်ရှု၊ ပေါင်မြို့နယ် ကျုံကဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပဒုမ္မာဆပ်ပြာစက်ရုံလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပေါင် ဇူလိုင် ၂၄

မွန်ပြည်နယ်အတွင်း ဒေသတွင်း ကြက်ဥလိုအပ်ချက်ကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ရေးနှင့် မွေးမြူရေးကဏ္ဍ ခေတ်မီတိုးတက်လာစေရေးအတွက် အအေးခန်းစနစ်သုံး ဥစားကြက် မွေးမြူရေးခြံ (Evaporative Cooling Systems Layer Farm) တည်ဆောက်မည့် လျာထားမြေနေရာအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် ပန်းကုန်းကျေးရွာသို့ သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစဉ် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက လျာထားမြေနေရာ၏ မြေပြင်အခြေအနေ၊ ရေ၊ မီး ရရှိနိုင်မှုနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆင့်မြှင့်အအေးခန်း ဥစားကြက်ခြံ အား အကောင်ထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း အရည်အသွေးမြင့် ကြက်ဥများကို နေ့စဉ် ဈေးနှုန်းသက်သာစွာဖြင့်ဖြန့်ဖြူးနိုင်မည်ဖြစ်ပြီးနှင့် ဥထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သည့်အတွက် ဒေသတွင်းဖူလုံမှုသာမက ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူ ပြုနိုင်မည် ဖြစ်သည့်အတွက် စနစ်တကျ အကောင်ထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပေါင်မြို့နယ်၊ ကျုံကဥယျာဉ်ခြံလုပ်ငန်းသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ ဦးစွာ ရှင်းလင်းဆောင်တွင် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ကျုံကဥယျာဉ်ခြံတာဝန်ခံအရာရှိက ခြံလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုအခါဒေသတွင်းဖြစ်ထွန်းသည့် မင်းကွတ်၊ ကြက်မောက်၊ ဒူးရင်း သီးနှံများ အစားထိုးစိုက်ပျိုးပြီး မင်းကွတ်သီးနှံအဓိကစိုက်ပျိုးသည့်ခြံဖြစ်ကြောင်း၊ ဥယျာဉ်ခြံသီးနှံ မျိုးကောင်းမျိုးသန့်ပျိုးပင်များထုတ်လုပ်၍ တောင်သူလက်ဝယ်အရောက်ဖြန့်ဖြူးပေးရေး၊ သီးနှံပင်စိုက်ပျိုးထိန်းသိမ်း ထုတ်လုပ်ရေး၊ တိုးတက်ပြောင်းလဲလာသော စိုက်ပျိုးနည်းစနစ် များအား တောင်သူသိရှိနိုင်ရန် ပညာပေးလုပ်ငန်းများဆောင်ရွက်ကြစေရေး၊ ဥယျာဉ်ခြံ လုပ်ငန်းများအား အသုံးချသုတေသန (Apply Research) များနှင့်ပေါင်းစပ်၍ သုတေသနရလဒ်များအား တောင်သူလက်ဝယ်အရောက် ပညာပေးခြင်းလုပ်ငန်းများအား ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဥယျာဉ်ခြံအတွင်း နှစ်(၅၀)သက်တမ်းရှိ မင်းကွတ်ပင်ကြီးများ အောင်မြင်ဖြစ်ထွန်းနေမှု၊ နှစ်ရှည်ပင်ကြီးများ ကိုင်းဆက်ပင် ဖူးဆက်ပင်များ၊ မျိုးပွားကော်ဖီပျိုးပင်၊ ကြက်မောက်ပျိုးပင်နှင့် ဒူးရင်းပျိုးပင်များ ပျိုးထောင်စို က်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကျုံကခြံထွက်ပျိုး ပင်များ အရောင်းအဝယ်ဖြစ်ထွန်းမှုအခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာရှိ ပဒုမ္မာဆပ်ပြာစက်ရုံသို့ သွားရောက်၍ စက်ရုံလုပ်ငန်းလည်ပတ်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ စက်ရုံတာဝန်ရှိသူက စက်ရုံ၏ ဆပ်ပြာထုတ်လုပ်မှု သမိုင်းကြောင်း၊ စက်လိုင်းများ လည်ပတ်မှုအခြေအနေနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်းသုံးစွဲသူ ပြည်သူများ အရည်အသွေးကောင်းမွန်ပြီး စျေးနှုန်းသက်သာသော အိမ်သုံးကုန်ပစ္စည်းများကို လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေး၊ စက်ရုံဝန်ထမ်းများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအတွင်း ဆပ်ပြာထုတ်လုပ်မှု အဆင့်ဆင့်၊ စက်ယန္တရားများ တပ်ဆင်ထားရှိမှုနှင့် ကုန်ကြမ်းမှ ကုန်ချောအထိ ထုတ်လုပ်နေသည့် အခြေအနေများကို လှည့်လည် ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

မွန်မလေး (ပြန်/ဆက်)