ကျောက်ပန်းတောင်း ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဘဲများကျေးရွာအုပ်စု၊ ပိန္နှဲတောကျေးရွာ ပြည်သူများအား ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲကို ဇူလိုင် ၂၄ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကျေးရွာရှိ ဒို့ကျေးရွာ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကော်လိတ္တော်အရာရှိ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အကျိုးပြု ရက် ၁၀၀ စီမံချက်အရ၊ ပိန္နှဲတောကျေးရွာရှိ မိဘပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးခံစားခွင့် ရရှိစေမည့် ကျေးရွာ မြေငှားဂရန်များ ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် မိဘပြည်သူများ လက်ဝယ်သို့ ရောက်ရှိမည့် မြေငှားဂရန် (Lease) များသည်၊ မိမိတို့၏ မြေယာပိုင်ဆိုင်မှုကို ဥပဒေအရ အပြည့်အဝ အကာအကွယ်ပေးမည့် အထောက်အထားဖြစ်သဖြင့် ဂရန်စာချုပ်များ မပျက်စီးအောင် စနစ်တကျ ထိန်းသိမ်းသွားကြရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ဦးကျော်မင်းညို၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်တို့က ကျေးရွာမြေငှား ဂရန်များကို ဒေသခံပြည်သူ တစ်ဦးချင်း လက်ဝယ်အရောက် ပေးအပ်ကြသည်။ ယင်းနောက် ပိန္နှဲတောကျေးရွာရှိ ဒေသခံ ပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးကျောက်ဒိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အကျိုးပြု ရက် ၁၀၀ စီမံချက်အရ ဘဲများကျေးရွာအုပ်စု ပိန္နှဲတောကျေးရွာနေ ဒေသခံ ပြည်သူ ၁၀၃ ဦးတို့အား ကျေးရွာမြေငှားဂရန်များ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ အဆိုပါ မြေငှားဂရန်များ ရရှိခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ မြေယာကဏ္ဍတည်ငြိမ်မှုရှိခြင်းနှင့် ခိုင်မာသည့် ဥပဒေကြောင်းအရ ပိုင်ဆိုင်ခွင့် ရရှိခြင်းဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးရေးအထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် ဦးနေလင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပိန္နှဲတောကျေးရွာ ဒေသခံပြည်သူများ စုစုပေါင်း ၁၈၅ ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)