မင်းလှ ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီချိန်က ထောက်ကြန့်ကွင်း(အမ်)အုပ်စု၊ ဂင်နိတ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးလှဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့်တို့က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာအောင်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးလှဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ထွန်း၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထွန်းထွန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်သူကျန်းမာရေးဦးစီးဌာနတို့က မြေယာကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ကျေလက်ဒေသဖွံ့ဖြိုးရေး၊ မူခင်းကျဆင်းရေးစသည့်ကိစ္စရပ်များကို အသိပညာပေးဆွေးနွေးပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ ကျေးရွာများဖွံ့ဖြိုးရေးအတွက် အပြုသဘောဆောင်သည့် မေးမြန်းချက်များကို သက်ဆိုင်ဌာနများက ပြန်လည်ဖြေကြားခဲပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)