မူဆယ် ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ တော်ဝင်ထျန်းရိအုပ်စုကုမ္ပဏီနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရေးရန်ပုံငွေအတွက် သိန်းငါးရာ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့၊ နံနက်(၁၀)နာရီအချိန်က မူဆယ်မြို့၊ ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားတွင် မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က “မြန်မာနိုင်ငံမှာလည်း နည်းလမ်း မျိုးစုံနဲ့ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ အခြားနိုင်ငံတွေကနေ တစ်ဆင့် ကာကွယ်ဆေးများကို ဝယ်ယူပြီး မြန်မာနိုင်ငံမှာလည်း ထိုးနှံပေးဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ပြည်သူလူထုအားလုံး ကာကွယ်ဆေးထိုးနှံနိုင်ဖို့ရန် အလှူရှင်တွေကိုလည်း ကာကွယ်ဆေးဝယ်ယူနိုင်ရန် အတွက် ဖိတ်ခေါ်ထားကြောင်း၊ မူဆယ်မြို့၊ အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ကာကွယ်ဆေး ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ပါဝင်လှူဒါန်းမှု အပေါ် နိုင်ငံတော်၊ ရှမ်းပြည်နယ်အစိုးရနဲ့ မူဆယ်ခရိုင်ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ လူလူချင်းရိုင်းပင်း ကူညီပြီး အလွန်မွန်မြတ်သော အလုပ်တစ်ခုဖြစ်ပါကြောင်း၊ ယခုရရှိသည့် အလှူငွေများကို ဗဟိုအစိုးရထံသို့ နေ့ချင်းရောက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခြားကျန်းမာရေး အထောက်အကူ ပစ္စည်းများကိုလည်း မကြာခဏ ပါဝင်လှူဒါန်းကြတဲ့အပြင် ကာကွယ် ဆေး ဝယ်ယူနိုင်ရေးအတွက် အခုလို ထပ်မံလှူဒါန်းမှုအပေါ် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း” ဂုဏ်ပြုစကား ပြောကြားသည်။
ဆက်လက်ပြီး ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် အလှူငွေသိန်းငါးရာ( ၅၀၀) ကို တော်ဝင်ထျန်းရိ အုပ်စုကုမ္ပဏီနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ တာဝန်ရှိသူ များက ပေးအပ်ခဲ့ရာ ခရိုင်အုပ်ချုပ် ရေးမှူးက လက်ခံရယူသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးက လှူဒါန်းမှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး စုပေါင်း မှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)