တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများမှ စုပေါင်းဝါဆိုသင်္ကန်းကပ်

တွံတေး ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများမှ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်းကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တနန္ဒောဘာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တနန္ဒောဘာသနှင့် သံဃာတော် (၅) ပါးတို့က ပရိတ်တရားတော်များ ဟောကြားချီးမြှင့်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့်ဇနီး၊ မြို့နယ်ထွေ/ အုပ်ဝန်ထမ်းများမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်ခြင်း၊ ဆရာတော်ဟောကြားသော အနုမောဒနာတရားတော်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများမှ နားယူကြသည်။ ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများမှ ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်းကပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)